Tuesday, March 20, 2012

The Lady ဘာလည်း The Lady ဘယ်လည်း

#
Views # #
The Lady ဇာတ်ကားကို စရိုက်နေပြီဆိုတုန်းက အမေစုရဲ့မှတ်တမ်းဆိုပြီး အမှတ်တရသိမ်းထားဖို့ ရည်ရွယ်ခဲ့ပါတယ် ဒါပေမယ့် ဇာတ်ကားကိုလည်းကြည့်ပြီးရော ဒီ The Lady ဇာတ်ကားကို ဘယ်လိုမျိုးရည်ရွယ်ချက်နဲ့ ရိုက်ခဲ့တာလည်းလို့တောင် ပြန်မေးရမလိုဖြစ်နေပြီ   မျှော်လင့်ချက်တနင့်တပိုးနဲ့ ကြည့်ခဲ့သော်လည်းမှန်းချက်နှင့် နှမ်းထွက်မကိုက်သလိုဖြစ်ခဲ့ပါတယ် ဇာတ်လမ်းစပြီး (၁ မိနစ် ၁၅ စက္ကန့်) မှာပဲ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း(အဖေ)က အမေစု(သမီး)ကို "ဟိုးအဝေးကြီးကရောက်လာတဲ့ အဲ့ဒီစစ်သားတွေက အဖေတို့ရဲ့ တန်ဘိုးရှိတဲ့ အရာမှန်သမျှကို ယူဆောင်သွားကြတယ်" ဆိုပြီး ပြောခဲ့ပါတယ်  တကယ်တော့ တစ်ချိန်ကနေမ၀င်အင်ပါယာ ဆိုပြီး လက်မထောင်ခဲ့တဲ့ အင်္ဂလိပ် တွေပါ နှစ်ပေါင်းတစ်ရာလောက်အုပ်စိုးခဲ့ပြီး  မြန်မာ့ နန်းစဉ်ရတနာ အားလုံးနဲ့ တိုင်းပြည်က တန်ဘိုးရှိတာတွေကို အနိုင်ကျင့်လုယက်သွားတာ အင်္ဂလိပ်လူမျိုး တွေပါ တိုင်းပြည်က တန်းဘိုးရှိတာမှန်သမျှ တနင့်တပိုးယူပြီးတာတောင်မကျေနပ်သေးဘဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအမေစုကိုပါ ယူခဲ့တဲ့ မိုက်ကယ်အဲရစ် တို့ အင်္ဂလိပ်လူမျိုးပါ ခုမှမြန်မာတွေကို ချစ်လှချည်ရဲ့ ဆိုတဲ့ ပုံစံနဲ့ဇာတ်ကားမျိုးရိုက်ပြီး သမိုင်းကိုဖုံးကွယ်တာကတော့ မြန်မာတွေကို စာမဖတ်တက်တဲ့ လူတွေလို့များထင်မြင်ယူဆနေသလား ဒါမှမဟုတ် ၀ါဒဖြန့်ချီရေး ဇာတ်ကားလား ( စိတ်ဓာတ်စစ်ဆင်ရေး လက်စွဲကျမ်းဆိုတဲ့ စာအုပ်ဆိုတာ တကယ်ရှိနေပြီထင်တယ်  ) နောက်ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ကာရိုက်တာတွေက မပီပြင်ဘူးလို့ ခံစားမိပါတယ် ပြီးတော့ သမိုင်းမှတ်တမ်းတွေနဲ့လည်း လွဲချော်နေတယ်လို့ လည်းထင်မြင်နေမိပါတယ်   လွတ်လပ်ရေးဖခင်ကြီး သခင်အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)ရဲ့ ဇာတ်ဝင်ခန်း နဲ့ပတ်သတ်ပြီး ပြောစရာတွေရှိသလို ဦးသန်းရွှေတို့ အမေစုတို့နဲ့ပတ်သတ်ပြီးလည်း ပြောစရာတွေ ရှိတယ်   ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုမျိုး ဒီမိုကရေစီကိုကြွေးကြော်ရင်း ခွက်ချင်းတိုက်နေချိန်မှာ လုပ်ကြံခံရတာမဟုတ်ပါဘူး တိုင်းပြည် အကျိုးပြု အစည်းအဝေးလုပ်နေချိန်မှာလုပ်ကြံခံရတာပါ လုပ်ကြံသူတွေဟာဦးစောနဲ့အပေါင်းအပါတွေ လို့ဆိုပြီး သေဒဏ်အပေးခံရပေမယ့် လုပ်ကြံသူတွေကိုဘယ်သူတွေက လက်နက်တွေထောက်ပံ့ခဲ့တယ် ကြိုးကိုင်ခဲ့တယ် ဆိုတာကိုတော့ ဆက်လက်ဖော်ထုတ်တာ မတွေ့ရတော့ပါဘူး   ထားပါတော့ အဓိက ရေးချင်တာကတော့ လူအများချစ်ခင်လေးစားတဲ့အမေစုကို အကြောင်းပြုပြီး သမိုင်းမှတ်တမ်းတွေကို ဖုံးကွယ်ဖို့ ကြိုးစားတာလား တကယ်လို့ လူအများကြည်ညိုတဲ့သူတစ်ဦးတစ်ယောက်ကို အသုံးချပြီး နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ သမိုင်းကို  လိုချင်သလိုပြောင်းလဲရိုက်ကူးတာဟာအင်မတန်မှ ရှက်ဖွယ်ကောင်းတဲ့လုပ်ရက်ပါ  ပြင်းပြင်းထန်ထန် ကန့်ကွက်သင့်ပါတယ်  ဒါမှမဟုတ် ငွေကြေး အကျိုးအမြတ်ကို အဓိကထားပြီး သမိုင်းမှတ်တမ်းတွေကို သေသေချာချာ မလေ့လာပဲ လက်လွှတ်စပယ်ရိုက်ကူးခဲ့တာလား  ဒါဆိုရင်လည်းအမေစုနဲ့ ကျွန်တော်တို့ နိုင်ငံကို မထေမဲ့မြင်ပြုရာ ကျပါတယ်   သက်တော်စောင့်ရဲဘော် ကိုထွေးကရောတကယ်ပဲ လုပ်ကြံသူတွေကို အသာတကြည်ဝင်ခွင့် ပြုခဲ့တာလား   ဒါဆိုရင် ရဲဘော်ကိုထွေးကို ဘာဖြစ်လို့ အာဇာနည်ဗိမ္မ္မာန်မှာ သဂြိုလ်ထားရတာလဲ   ဒီဇာတ်ကားဟာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပေါ့ပေါ့တန်တန်သဘောထားလို့ ဒီလိုပဲ ပြီးစလွယ်ရိုက်ကူးခဲ့တာလား ကျဆုံးသွားသူရဲဘော်ကိုထွေးကရော လုပ်ကြံသူတွေနဲ့ ကြံရာပါတကယ်ဖြစ်နေတာလား ဟုတ်တယ် မဟုတ်ဘူးဆိုတာကိုတော့ ရဲဘော်ကိုထွေးပဲ သေသေချာချာ သိမှာပါ  ကဲ The Lady ဘာလည်း ဘာကိုပြချင်တာလည်း   ဗိုလ်ချုပ်အောင်ဆန်းကို စစ်သားကသတ်တာလို့ ပြောချင်တာလား စစ်သားကသတ်တာဟုတ်တယ်မဟုတ်ဘူး မသေချာပေမယ့်   လက်နက်တွေကတော့ အင်္ဂလိပ်စစ်တပ်ကပါ   ဗိုလ်မှူး စီ ဟင်နရီ ရန်း [Maj. C. Henry Young:အိန္ဒိယ တပ်မတော် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ အလုပ်ရုံ တပ်ခွဲ၏တပ်မှူး] တို့ ဗိုလ်မှူး  ပီတာလန့်စ်လော့ ဒိန်း    [Maj. Peter Lancelot Daine:မင်္ဂလာဒုံ ပင်မ ခဲယမ်းမီးကျောက်တိုက်၏ တပ်မှူး] တို့က ရိုင်ဖယ်တွေ၊ ပစ္စတိုတွေနဲ့ ခဲယမ်းမီးကျောက်တွေ အဓိကထောက်ပံ့တဲ့ ဗြိတိသျှအရာရှိတွေပါ လန့်စ်လော့ ဒိန်းက တကယ် လက်နက်ထောက်ပံ့သူ လား ဗိုလ်မှူး ရန်း ဆီကပဲ ဦးစောက လက်နက်တချို့ ရလိုက်တာလားဆိုတာ ဒီနေ့အထိ မရေရာတဲ့အဖြေတစ်ခုပါ တကယ်တော့ ဦးစောဟာ ဓားခုတ်ရာ လက်ဝင်လျှိုခဲ့တဲ့ လူမိုက်ပါ အဓိက ကြိုးကိုင်တရားခံကို ဒီနေ့အထိမဖော်ထုတ်နိုင်ခဲ့ပါဘူး ဒါကလည်း စဉ်းစားစရာတစ်ခုပါ နောက်ကျွန်တော့်အမြင် ဦးသန်းရွှေ ဟာဒီဇာတ်ကားမှာ အင်မတန်မှ ဥာဏ်နည်းလှတဲ့ ပုံပေါက်နေတယ်နော်     ဒီလို ခပ်ညံ့ညံ့ စစ်ခေါင်းဆောင်တစ်ယောက်ဟာ နိုင်ငံတကာနဲ့ အနောက်အင်အားကြီးနိုင်ငံတွေက ထောက်ခံနေတဲ့ နိုဗလ် ဆုရှင်တစ်ယောက်     အင်မတန်မှ ထက်မြက်လှတဲ့ အတိုက်အခံခေါင်းဆောင်တစ်ယောက်ကို     နှစ်ပေါင်း နှစ်ဆယ်လောက် နေအိမ်ထဲမှာ ထိမ်းသိမ်းထားနိုင်တာ တော်တော်လေးကို အံ့အားသင့်စရာဖြစ်ရပါတယ်    တစ်ကယ်ပဲ ဦးသန်းရွှေဟာ ဥာဏ်နည်းပါသလား    တစ်ခြားနိုင်ငံတွေက စစ်အာဏာရှင်တွေဟာ ကတ္တီပါတော်လှန်ရေးတို့ စံပါယ်ဖြူ နွေဦးတော်လှန်ရေးတို့ ဘာတော်လှန်ရေး ညာတော်လှန်ရေးတွေကို ရင်ဆိုင်ရင်း သေသူတွေလည်းသေ ပြေးသူတွေလည်းပြေးနဲ့  ဇာတ်သိမ်းမလှခဲ့ပါဘူး  ပြီးတော့တစ်ခြားအာဏာရှင်တွေဟာ တော်လှန်ရေး အပြီးမှာ ပြုတ်ကျသွားပြီး အစိုးရသစ်တွေတက်လာတယ် ပြောရရင် အာဏာရှင်အစိုးရကို ပြည်သူက ဖြုတ်ချခဲ့တာပေါ့ ကျွန်တော်တို့ဆီမှာလည်း ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့တာပဲ အာဏာရှင် အစိုးရပြုတ်ကျမသွားခဲ့ပါဘူး   နောက်ဆုံး သူ့ဘာသာသူ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးဆိုတဲ့ မူဝါဒနဲ့  တိုင်းပြည်ရဲ့ချမ်းသာကြွယ်ဝမှုတွေကို သူ့အမျိုးတွေနဲ့ သူ့တပည့်တွေကိုဝေချမ်းပေးပြီး  အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆိုပြီး တထီးတနန်းနဲ့ အေးအေးဆေးဆေးပဲ အနားယူသွားတယ်   အဲဒီတော့ ခပ်ညံ့ညံ့ စစ်ခေါင်းဆောင်တစ်ယောက်တော့ မဟုတ်ဘူးလို့ပဲ ဆိုရမှာပဲ   ဒါပေမယ့် သူ့ရဲ့ အရည်အချင်းတွေကို တိုင်းပြည်နဲ့လူမျိုးအတွက် အသုံးမချပဲ သူ့ကိုယ်ကျိုးအတွက်သာ အသုံးပြုသွားတာဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ကံဆိုးမိုးမှောင်ကျတာလို့ပဲပြောရမှာပါ ထားပါတော့ ပြောချင်တာက တကယ်ဆို ဦးသန်းရွှေရဲ့ ဇာတ်ရုပ်ဟာ အင်မတန်မှ အရည်အချင်းပြည့်ဝပြီးယုတ်မာကောက်ကျစ်သူ  သွေးအေးအေးနဲ့ရက်စက်သူတစ်ယောက် ဖြစ်သင့်တာပါ ဒါမှသာ ဒီဇာတ်ကားပိုမိုအသက်ဝင်လာမှာပါ တနည်းအားဖြင့် အမေစုရဲ့ အရည်အချင်းတွေ စွန့်လွှတ်စွန့်စားရဲတဲ့ သတ္တိတွေ အနစ်နာခံနိုင်မှုတွေ ကိုယ်ကျိုးစွန့်နိုင်မှုတွေ ယုံကြည်ချက်ခံယူချက်ပြတ်သားမှုတွေဟာ ဦးသန်းရွှေဇာတ်ရုပ် ပီပြင်မှု အပေါ်မူတည်ပါတယ် ဦးသန်းရွှေ ဇာတ်ပို့ကောင်းရင်ကောင်းသလောက် အမေစုရဲ့ အရည်အချင်းတွေ စွန့်လွှတ်စွန့်စားရဲတဲ့ သတ္တိတွေ အနစ်နာခံနိုင်မှုတွေ ကိုယ်ကျိုးစွန့်နိုင်မှုတွေ ယုံကြည်ချက်ခံယူချက်ပြတ်သားမှုတွေ ပေါ်လွင်ထင်ရှားလာမှာပါ ခုတော့ဗျာ ခပ်ညံ့ညံ့ စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ ခပ်ညံ့ညံ့ စီမံမှုအောက်မှာ  နှစ်ပေါင်းနှစ်ဆယ်လောက်  နစ်မြုပ်နေခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေအောက်မှာ အမေစုကိုယ်စား ကျွန်တော် ရင်နာလှပါတယ်ဗျာ နောက်ပြီးတော့ ပြည်သူတွေကို တန်းစီပြီး မိုင်းတွင်းထဲကို လျှောက်ခိုင်းတဲ့အခန်းပါ အဲဒီစစ်သားတွေဟာ ဆေးမှင်တွေ မြင်မကောင်းအောင်ထိုးထားပါတယ် ကျွန်တော် မြန်မာစစ်သားတွေကို အဲဒီပုံနဲ့ တစ်ခါမှမတွေ့ဖူးပါဘူး ကျွန်တော့် အမြင်တော့ စစ်သားတွေကိုမုန်းအောင် ရိုက်ပြနေသလိုပဲ ဒါလည်းသိပ်တော့ မဟုတ်သေးဘူးလို့ထင်တယ် ကျွန်တော်ကြားဖူးတာက "စစ်သားမကောင်းတာ မရှိဘူး အရာရှိ မကောင်းတာပဲရှိတယ် " စစ်သားတွေရဲ့ အဆိုးအကောာင်းဟာ အမိန့်ပေးတဲ့ အရာရှိအပေါ် မူတည်ပါတယ် ဒါကြောင့် စစ်သားတွေကို ခုလိုမျိုးရိုက်ပြတာကို ကြည့်ရတာ အမေစုရဲ့ နာမည်ဂုဏ်သတင်းကို တင်ပြသလိုနဲ့  အခြားတစ်စုံတစ်ရာတွေကို ရည်ရွယ်ထားပုံရပါတယ် တကယ်တော့ စစ်သားဟာတိုင်းပြည်အတွက် အရေးပါတဲ့ အင်အားတစ်ခုပါ အဲ ပြည်သူကမွေးတဲ့ ပြည်ချစ်သားဖြစ်ဖို့တော့ လိုတာပေါ့နော် တပ်မတော်သာ အမိ  တပ်မတော်သာ အဖ ဆိုတဲ့ကောင်တွေ ကတော့ မဟုတ်ပါဘူး အဲဒီကောင်တွေက စစ်ခွေးတွေပါ ကမ္ဘာပေါ်က စစ်အာဏာရှင်တွေကို လူထုကဖြုတ်ချနိုင်ခဲ့တဲ့ တော်လှန်ရေးတွေမှာ စစ်သားတွေက လူထုနဲ့ ပူးပေါင်းခဲ့လို့ပါ  စားဝတ်နေရေးမပြေလည်လို့ လမ်းပေါ်တက်လာတဲ့ လူထုနဲ့ အဲ့ဒီလူထုကို ကာကွယ်ပေးမယ့်စစ်တပ် အဲ့ဒီလူထုအတွက် ရှေ့ကမားမားရပ်မယ့် ပြည်သူ့တပ်မတော် (ဗိုလ်ချုပ်များရဲ့ တပ်မတော်မဟုတ်ပါ) ရှိပြီဆိုရင်တော့  ကျွန်တော်တို့ အမိမြေက အကျဉ်းတန်မှုတွေ ဆိတ်သုဉ်းပြီး လှပလာမှာပါ နောက်ဆုံးတော့ The Lady ဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ မျှော်လင့်ခဲ့ရသလောက် ရင်ထဲကို မရောက်ခဲ့ဘဲ ဒီဇာတ်ကားဟာ ဘာကိုရည်ရွယ်တာလည်း ဘာကိုပြချင်တာလည်း  မမေစုရဲ့ နာမည်ဂုဏ်သတင်းကို မှေးမှိန်အောင်လုပ်တာလားလို့  တင်ပြရင်း ?????????????????????????????????????????????????????????????????????????????????
စာကြွင်း
    အမေစုကို မိုက်ကယ်အဲရစ်က နမ်းတော့ ဆရာချစ်ဦးညိုရဲ့  မဟာသေနာပတိထဲက စစ်သူကြီး သတိုးမဟာဗန္ဓုလပြောတာကို သွားသတိရမိတယ် " မောင်မင်းတို့ သည်အရေးကို ပေါ့ပေါ့ ဆဆ လုပ်မိရင်ဖြင့်  နှာခေါင်းချွန်ချွန်နဲ့ မျက်နှာဖြူ မိစ္ဆာတွေက မောင်မင်းတို့ နှမတွေကို နမ်းရှုံ့ကြ လိမ့်မယ် "

No comments: